ထိုင်း-မြန်မာနယ်စပ် နေ့ချင်းပြန်သွားလာနိုင်ရေး ထိုင်းဘက်ကခွင့်ပြုပေးထားပေမယ့် မြန်မာဘက်ကဖွင့်မပေးသေးတာကြောင့် နယ်စပ်ရှိဒေသခံတွေမှာ ငွေရှာရတာပိုခက်ခဲလာတယ်ဟု မြဝတီဒေသခံများထံကသိရပါတယ်။
မြန်မာဘက်က ကန့်သတ်တင်းကြပ်မှုတွေလုပ်လိုက်တာကြောင့် ဒေသခံတွေရဲ့ ပညာရေး၊ ကျန်းမာရေးအတွက် အခက်အခဲတွေကြုံနေရပါတယ်။ ကိုဗစ်ကာလ ကတည်းက ၂ နှစ်ကျော်ပိတ်ထားခဲ့တဲ့ မြဝတီ – မဲဆောက် အမှတ် ၁ တံတားကို မြန်မာဘက်ကနိုင်ငံရေးကြောင့် ခုချိန်ထိမဖွင့်လှစ်နိုင်သေးပါဘူး။
ထိုင်းမြန်မာအမှတ် (၂) ချစ်ကြည်ရေးဘက်မှာတော့ ကုန်တင်ကားတွေ၊ ထိုင်းမှာအကြောင်းအမျိုးမျိုးကြောင့်နေရပ်ပြန်မြန်မာတွေကိုတော့ ကန့်သတ်ချက်နဲ့ပြန်ခွင့်ပေးပါတယ်။
မြန်မာနိုင်ငံဘက်က ပိတ်ထားတာကြောင့် ထိုင်းဘက်ကို ကျောင်းသွားတက်တဲ့ မြန်မာကျောင်းသားတွေ၊ မြန်မာနိုင်ငံဘက်မှာကျောင်းလာတက်တဲ့ကျောင်းသားတွေ၊ ကျန်းမာရေးအတွက် မဲဆောက်မှာ သွားရောက်ဆေးကုသကြရတဲ့ မြန်မာတွေအတွက် အခက်အခဲတွေဖြစ် သွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
နေ့ချင်းပြန်ခွင့်ပြုချက်ကို ပြန်လည်ခွင့်ပြုနိုင်ဖို့ နှစ်နိုင်ငံ ခရိုင်အဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ပြန်လည်ဆွေးနွေးပြီးမှ ဖွင့်လှစ်မယ်လို့ ဒေသခံတွေကသိရှိထားရပေမယ့် ဘယ်အချိန်မှာ ပြန်ဖွင့်မယ်ဆိုတာကိုတော့ ဒေသခံတွေ တိတိကျကျသိရတာမရှိသေးပါဘူး။
ကိုချစ် ဇွဲကပင်မြေ