26 April 2024

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဘန်ဘောမြို့နယ် အေကချိုင်လမ်းရှိ မြန်မာရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ထိုင်းပိုင်ရွှေဆိုင်တစ်ခုမှာ ရွှေလုယက်မှုဖြစ်ပွားခဲ့ပါတယ်။ ၎င်းရွှေဆိုင်ရဲ့ဘေးပတ်ပတ်လည်မှာ မြန်မာကုန်စုံဆိုင်တွေရောင်းချနေပြီး အလုပ်ပိတ်ရက်နေ့တွေမှာဆို ဒေသအသီးသီးကမြန်မာနိုင်ငံသားတွေ လာရောက်ဈေးဝယ်ကြတဲ့ဈေးတန်းလဲဖြစ်ပါတယ်။

မြန်မာတွေကြားမှာ ဖွင့်လှစ်ထားတဲ့ရွှေဆိုင်ဟာ မြန်မာနိုင်ငံသားတွေ ၈၀ ရာခိုင်နှုန်းလောက်ကလာရောက်ရွှေတွေဝယ်ယူလေ့ရှိပြီး၊ ရွှေဆိုင်ရဲ့ကျော်ညာဆိုင်းဘုတ်မှာလဲ မြန်မာဘာသာဖြင့်ရေးသားထားပါတယ်။

“ဒီဆိုင်က လာဖွင့်တာကြာသေးဘူး မြန်မာတွေကရွှေကြိုက်ကြတယ်လေ အဲဒါကြောင့်မြန်မာတွေကြားမှာလာဖွင့်ထားတာဖြစ်မယ်။ ထိုင်းတွေလာဝယ်တာတွေ့သိပ်မတွေ့ရဘူး။ ဒီနေရာကမြန်မာတွေပဲရှိတာလေ အဲဒါကြောင့်ထိုင်းတွေလာတာသိပ်မတွေ့ရဘူး။ လစာထွက်တဲ့အချိန်တွေမှာဆို ဒီဆိုင်က မြန်မာတွေတန်းစီပြီးတော့လာဝယ်ကြတာ၊ ရွှေဆိုင်ရဲ့ဘေးပတ်ပတ်လည်မှာ မြန်မာဆိုင်ရှိရဲ့သားနဲ့ ဒီလိုလုယက်မှုတွေဖြစ်လာမယ် မထင်ထားဘူး” ဟု ရွှေဆိုင်ရဲ့မနီးမဝေး မှာ ကွမ်းယာရောင်းနေတဲ့ မြန်မာ ၁ ယောက်ကပြောပါတယ်။

လုယက်သူအဖြစ် ဖမ်းဆီးခံရတဲ့မြန်မာလုပ်သားဟာ အသက် ၂၀ ကျော်ပဲရှိပါတယ်။ ဘန်ဘောမှာရှိတဲ့ စက်ရုံတစ်ခုမှာအလုပ်လုပ်တယ်လို့ သိရပါတယ်။ ယခုလို ကျူးလွန်တာဟာ သူအကြွေးတွေများလို့ လုပ်မိတယ်လို့ မြန်မာလုပ်သားရဲ့ပြောဆိုချက်ကို သွားရောက်ကူညီပေးတဲ့အဖွဲ့ကပြောပါတယ်။

“သူကရွှေကိုလုပြီးထွက်ပြေးသွားတယ်၊ သူသွားပုန်းနေတဲ့အိမ်ကလဲ ထိုင်းရဲ ၁ ဦးရဲ့အိမ်ဖြစ်နေတော့ နာရီဝက်အတွင်းမှာပဲဖမ်းမိသွားတယ်။ ဘန်ခွန်ထီယမ်ရဲက CCTV နဲ့ ရှာဖမ်းတာလေ အဲဒါနဲ့ ချက်ချင်းအဖမ်းခံရတယ်’ လို့ စကားပြန်ဖြစ်သူထံကသိရပါတယ်။

.

လုယက်မှုကျူးလွန်ပြီး အဖမ်းခံရတဲ့ မြန်မာလုပ်သားကို အာမခံရဖို့ကြိုးစားပေးနေကြပြီး၊ မြန်မာနိုင်ငံနေရပ်လိပ်စာနဲ့ သူ့လုပ်ကိုင်တဲ့စက်ရုံကိုလဲ ဆက်သွယ်နေတယ်လို့ သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – May Ladi

SHARE THIS NEWS

OTHER NEWS