26 April 2024

မနက်ဖန် ထိုင်းဝန်ကြီးချုပ်နေရာ မဲခွဲဆုံးဖြတ်မည်
.
ဩဂုတ် ၂၁ ရက်၊ ၂၀၂၃
.
မနက်ဖန် (၂၂-၈-၂၀၂၃) တွင် ၃၀ ဦးမြောက် ထိုင်းဝန်ကြီးချုပ်နေရာအတွက် ထိုင်းလွှတ်တော်တွင် တတိယအ ကြိမ် မဲခွဲဆုံးဖြတ်မည်ဟု သိရသည်။
.
မေ ၁၄ အထွေထွေရွေးကောက်ပွဲတွင် ဒုတိယမဲအများဆုံးရရှိထားသော ဖူ့ထိုင်းပါတီကဦးဆောင်ပြီး အစိုးရဖွဲ့ စည်းမည်ဟု သိရကာ ဖူ့ထိုင်းပါတီက အဆိုပြုထားသော ဝန်ကြီးချုပ်အလောင်းအလျာမှာ အိမ်ခြံမြေစီးပွားရေး လုပ်ငန်းရှင်ဟောင်း Srettha Thavisin ဖြစ်သည်။
.
မည်သို့ဆိုစေ ဖူ့ထိုင်းပါတီသည် ဝန်ကြီးချုပ်နေရာအဆိုပြုရန်အတွက် ဝန်ကြီးချုပ်အလောင်းအလျာ ၃ ဦးအထိ စာရင်းပေးထားပြီး ဝန်ကြီးချုပ်ဟောင်း တက်ဆင်၏ သမီးဖြစ်သူ Paethongtarn Shinawatra အမည်ပါဝင် သည်။
.
ဖူ့ထိုင်းပါတီကဦးဆောင်ပြီး အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် ထိုင်းရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၁၂ ကို ပြင်ဆင်မည့် ထိုင်းရှေ့သို့လှမ်းချီပါတီ ပါဝင်မည်မဟုတ်ကြောင်း ပါတီဘက်က အတည်ပြုထားသည်။
.
တဖက်တွင် ထိုင်းစစ်တပ်ကျောထောက်နောက်ခံပါတီ ၂ ခု ဖြစ်သော United Thai Nation Party နှင့် ဖလန်ပရချရတ်ပါတီတို့က ဖူ့ထိုင်းဦးဆောင် သော အစိုးရအဖွဲ့တွင် ပါဝင်မည်ဟု အတည်ပြုထားသည်။ ယင်းပါတီနှစ်ခုသည် အမတ်နေရာ ၇၆ နေရာ ရရှိထားသည်။
.
ဖူ့ထိုင်းပါတီက ဦးဆောင်ဖွဲ့စည်းမည့် ညွှန့်ပေါင်းအစိုးရအဖွဲ့တွင် ပါတီ ၁၁ ခု ပါဝင်ပြီး အမတ်နေရာစုစုပေါင်း ၃၁၄ နေရာသာ ရရှိထားကာ ထိုင်းဝန်ကြီးချုပ်နေရာအတွက် ထောက်ခံမဲ ၃၇၅ မဲ လိုအပ်သည်။
.
ထို့ကြောင့် ဝန်ကြီးချုပ်နေရာအတွက် ဆွဲခန့်အထက်လွှတ်တော်အမတ် ၂၅၀ ဦး၏ ထောက်ခံမဲသည် အဆုံးအဖြတ်ဖြစ်လာမည်။
.

SHARE THIS NEWS

OTHER NEWS