3 May 2024

မြန်မာဘက်ရှိလောင်းကစားရုံတစ်ခုတွင် လုပ်ခလစာမရဘဲအဓ္ဓမခိုင်းစေခံရသည့် ထိုင်းအမျိုးသမီးနှစ်ဦးအသက်စွန့်ပြီးထိုင်းဘက်ပြန်လည်ခိုးဝင်။

 

မြန်မာနိုင်ငံဘက်ရှိလောင်းကစားရုံတစ်ခုတွင် လုပ်ခလစာမရရှိဘဲ အဓ္ဓမခိုင်းစေခံရသည့်ထိုင်းအမျိုးသမီးနှစ်ဦးသည် ဘောကွင်းတစ်ခုဖြင့်သောင်းရင်းမြစ်ကိုအသက်စွန့်ဖြတ်ကူးပြီး မိခင်နိုင်ငံဘက်ကိုပြန်လည်ထွက်ပြေးလာခဲ့ရသည်ဟု Manager Online သတင်းဌာနကဖော်ပြထားသည်။

 

အဆိုပါ အမျိုးသမီးနှစ်ဦးသည် မဲဆောက်မြို့နယ်တွင်နေထိုင်သူများဖြစ်ကြပြီး ကျူထာမတ် အသက် ၂၀ နှစ် နှင့် အနန်ယာ အသက် ၁၉ တို့ဖြစ်ကာ နိုဝင်ဘာ ၃ ရက်နေ့ နေလယ် ၃ နာရီအချိန်တွင် မဲဆောက်မြို့နယ်၊ ထာ့စိုင်လွတ်ကျေးရွာအုပ်စု၊ မူ-၇ တွင်ဖမ်းဆီးခံခဲ့ရသည်ဟု ရေးသားထားသည်။

 

 

မြန်မာနိုင်ငံဘက်ရှိ လောင်းကစားရုံတစ်ခုတွင် အွန်လိုင်းလောင်းကစားပေ့ချ်တစ်ခုအတွက် အက်မင်းလုပ်ရမည်ဟု ဆိုပြီး တစ်လလျှင် အိုတီခမပါဘဲ ဘတ် ၁၈,၀၀၀ ရရှိမည်ဟု အွန်လိုင်းမှလိမ်လည်အလုပ်ခေါ်ယူသည့်ပို့စ်တစ်ခုကိုယုံမှားမိရာမှ ပြီးခဲ့သည့်အောက်တိုဘာ ၁၅ ရက်နေ့တွင် ပွဲစားဖြင့်မြန်မာဘက်သို့ခိုးဝင်သွားခဲ့သည်ဟု ထွက်ဆိုသည်။

 

မြန်မာဘက်သို့ရောက်ရှိသွားသည့်နောက်တွင် လောင်းကစားရုံပိုင်ရှင်တရုတ်နိုင်ငံသားတစ်ဦးက လုပ်ခလစာမယူဘဲလပေါင်းများစွာအလုပ်လုပ်ပေးရမည့်စာချုပ်တစ်ခုကို အတင်းအကျပ်လက်မှတ်ရေးထိုးစေခဲ့ပြီးနောက် တစ်ရက်လျှင် ၁၂နာရီကျော်အလုပ်လုပ်ပေးရသည့်အပြင် အခန်းငယ်လေးတစ်ခုတွင် ကျပ်ကျပ်တည်းတည်းနေထိုင်ရကာ အနေဆင်းရဲအစားဆင်းရဲဒဏ်ကို မခံတိုင်တော့သည့် အတွက် ပြန်လည်ထွက်ပြေးလာခဲ့ကြသည်ဟု ဆိုသည်။

 

လူငယ်အမျိုးသမီးနှစ်ဦးကို ပိုးသတ်ဆေးဖျန်းခြင်း ကိုဗစ်-၁၉ စစ်ဆေးခြင်းများပြုလုပ်ပြီးနောက် ကွာရန်တင်းစင်တာသို့ဆက်လက်ပို့ဆောင်ထားသည်ဟု နယ်ခြားစောင့်တပ်ဖွဲ့မှဆိုသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS