2 May 2024

Update

ဇူလိုင် ၁၈ ရက်၊ ၂၀၂၂

ဩဇာညောင်းတဲ့ ရနောင်းလွှတ်တော်အမတ် လက်ထောက် နိုင်းထဝပ်ကျိုင်ဒီနဲ့ ပတ်ကျန်အုပ်စုစီမံခန့်ခွဲရေးမှူး နန်းနရစ်မွန်း ဘွန်းချွယ့် တို့ရဲ့ ဖခင် အသက် ၈၁ နှစ်ကိုသတ်သွားတဲ့ တရားခံဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေဖြစ်ကြတယ်လို့ ရဲစခန်းတာဝန်ရှိသူတွေကပြောပါတယ်။

၎င်းအမှုမှာပါဝင်တဲ့သူတွေက မြန်မာရွှေ့ပြောင်းလုပ်သား ၃ ယောက်လို့သိရပါတယ်။ မြန်မာ ၃ ယောက်ထဲမှာ ၂ ယောက်က အသက် ၈၁ နှစ်ရှိ နိုင်ထနု ကိုသတ်ပြီး ရေတွင်းထဲကြိုးဆွဲချသူဖြစ်ပြီး၊ နောက် ၁ ယောက်ကတော့ မျက်မြင်တွေ့ရှိသူဖြစ်ပါတယ်။ နောက်ထပ်ပါဝင်ပတ်သက်တဲ့သူ ရှိ၊ မရှိ ထပ်မံစစ်ဆေးမှုတွေ လုပ်ဆောင်ရွက်သွားမယ်လို့ ပတ်ကျရဲစခန်း တာဝန်ရှိသူတွေကပြောပါတယ်။

နိုင်ထနု ကျိုင်ဒီ ဟာ ဦးခေါင်းနဲ့မျက်နှာမှာ ကွဲအက်တဲ့ဒဏ်ရာ၊ ညာဘက်နားရွက်နားကဒဏ်ရာ၊ ညာဘက်ခြေထောက်ကဒဏ်ရာနဲ့ ခြေလက်များကို အဝတ်ဖြင့်ချည်နှောင်ထားပြီး ရေအနက် ၄ ပေခန့်ရှိတဲ့တွင်းထဲကို တွဲလောင်းချအသက်သေဆုံးခဲ့တာဖြစ်ပါတယ်။

တရားခံဖြစ်သူက မောင်ခင်မောင်ဇော်နဲ့မောင်ဇော်မျိုးလို့သိရပါတယ်။ မျက်မြင်တွေ့ရှိသူကတော့ မောင်ခင်မောင်ဇော်ရဲ့ဇနီးပါ။ အသတ်ခံရတဲ့အကြောင်းရင်းကတော့ ဖောက်ပြန်မှုကိစ္စပါ၊ အသက် ၈၀ ကျော် နိုင်ထနု ကို တုတ်နဲ့မသေမချင်းရိုက်ခဲ့တယ်လို့ မောင်ခင်မောင်ဇော်ရဲ့ ဝန်ခံချက်ကို ပတ်ကျရဲစခန်းကထုတ်ပြန်ခဲ့ပါတယ်။

မောင်ခင်မောင်ဇော်က သေဆုံးသူ နိုင်ထနု ကျိုင်ဒီ ရဲ့ အလုပ်သမားဖြစ်ပြီး၊ လုပ်ကိုင်လာခဲ့တာ ၄ နှစ်ရှိပြီလို့ သိရပါတယ်။ မောင်ခင်မောင်ဇော်ဟာ ကလေး ၄ ယောက်ရဲ့ ဖခင်ပါ။ ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင် ကရပူရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက လွှတ်တော်အမတ်နဲ့ ဆက်နွှယ်တဲ့ အသက် ၈၀ ကျော်ရွယ် ရာဘာခြံပိုင်ရှင်သက်ကြီးရွယ်အိုတယောက် အသတ်ခံခဲ့ရပြီး၊ တရားခံဟာ သေဆုံးသူရဲ့ ခြံအလုပ်သမားတွေဖြစ်ပါတယ်။

သေဆုံးသွားတဲ့ နိုင်ထနု ဟာရာဘာခြံထဲမှာဘဲ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့အတူ နှစ်ပေါင်း ၂၀ ကျော် အေးချမ်းစွာ နေထိုင်လာကာ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်က နေအိမ်နဲ့ မလှမ်းမကမ်း တွင်းဟောင်းတစ်ခုထဲမှာ ထုနှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ သူ့အလောင်းကို တွေ့ရှိခဲ့ တာ ဖြစ်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS