26 April 2024

စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၂

၂ ရက် ၈ လ ၂၀၂၂ ခုနှစ်မှာ သံရုံးကပတ်စပို့ထုတ်ပေးတဲ့လုပ်ငန်းကိုယာယီရပ်နားမယ်လို့ကြေညာခဲ့ပြီး၊ ၈ ရက် ၉ လ ၂၀၂၂ မှာပြန်လည်ဆောင်ရွက်ပေးနေပြီလို့ သံရုံးဖေ့ဘွတ်စာမျက်နှာမှာဖော်ပြထားပါတယ်။

ပတ်စပို့ထုတ်ပေးတဲ့နေရာမှာလဲ အုပ်စု ၂ ခုခွဲထားပြီး၊ လူကိုယ်တိုင်လာရောက် ရက်ချိန်းတိုကင်ရယူထားသူများနှင့် Call Center မှ ရက်ချိန်းရယူထားသူများကို ဦးစားပေးဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

ပတ်စပို့စာအုပ်ထုတ်ပေးတာက ၂ နေရာရှိပါတယ်။ အဲဒါကြောင့် စာအုပ်လာရောက်ထုတ်ယူမယ့်သူတွေကို အုပ်စု ၂ ခုခွဲထုတ်ပေးမှာဖြစ်ပါတယ်။ ရက်ချိန်း စုံ ဂဏန်းရထားသူနဲ့ ရက်ချိန်း မ ဂဏန်းရထားသူဖြင့် ခွဲပြီးထုတ်ပေးပါတယ်။

ရက်ချိန်း စုံ ဂဏန်းရထားတဲ့သူများက ရုံးသစ်ဘက် ( Sathorn -110) တွင် ထုတ်ပေးမှာပါ၊ ဥပမာ (၈) လပိုင်း- ၂ ရက်၊ ၄ ရက်၊ ၈ ရက်၊ ၁၀ ရက် ၊ ၁၆ ရက်များ တွင် ရက်ချိန်း ရယူထားသူများ သတ်မှတ်ပေးထားတဲ့ နေ့ရက်များအလိုက်သွားရောက်ပြုလုပ်နိုင်ပါတယ်။

ရက်ချိန်း မ ဂဏန်းရထားတဲ့သူများကတော့ ရုံးဟောင်းဘက် ( Sathorn-132) ဘက်မှာသွားရောက်ထုတ်ရမှာဖြစ်ပါတယ်။ ဥပမာ (၈) လပိုင်း- ၃ ရက်၊ ၅ ရက်၊ ၉ ရက်၊ ၁၁ ရက် ၊၁၅ ရက်များတွင် ရက်ချိန်းရယူထားသူများ သတ်မှတ်ပေးထားတဲ့နေ့ရက်များအလိုက်သွားရောက်ဆောင်ရွက်နိုင်ပါတယ်။

စာအုပ်ထုတ်ပေးတဲ့လုပ်ငန်း ခေတ္တရပ်ဆိုင်းထားတဲ့စပ်ကြားမှာစောင့်နေရတဲ့ တိုကင်ရက်ချိန်းရယူထားပြီးသူမျာကိုပဲ ဉီးစားပေး ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး၊ တိုကင်ရက်ချိန်း အစားထိုး ဆောင်ရွက်ပေးသည့်လုပ်ငန်းများ ပြီးဆုံးမှသာ စက်ရုံ၊ အလုပ်ရုံများရှိ မြန်မာနိုင်ငံသားအတွက် နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ဆောင်ရွက်ပေးခြင်းလုပ်ငန်း များကို ပြန်လည်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

မြန်မာသံရုံးဘက်က စာအုပ်ထုတ်ပေးတာကောင်းပါတယ်။ ဒါပေမဲ့သတ်မှတ်စာအုပ်စျေးထက်ပိုပေးနေရတာတော့ အထက်က လူတွေသိစေချင်တယ်။ ၈၀၀ ဘတ်ပေးရမယ့်နေရာမှာ ၅၀၀၀ ကနေ ၇၀၀၀ လောက်ပေးနေရသူတွေလဲရှိနေပါတယ်။

အထက်ကလူတွေဆင်းပြီးစစ်ဆေးသင့်တယ်လို့ ကိုအောင်ဇင် ကပြောပါတယ်။ “အထက်ကလူတွေဆင်းကြည့်စေချင်တယ်၊ အောက်မှာစာအုပ်ထုတ်ပေးနေတဲ့နေရာက စျေးသည်လိုပုံစံဖြစ်နေတယ်။ အလုအယက်နဲ့မြင်လို့လဲအကောင်းဘူး ပလိုဖက်ရှင်နယ် လိုပုံစံမျိုးရှိစေချင်တယ်” လို့ပြောပါတယ်။

ပတ်စပို့စာအုပ်တစ်အုပ် သံရုံးကသတ်မှတ်စျေးနှုန်း ၈၀၀ ဘတ်ဆိုပေမယ့်၊ လက်တွေ့လုပ်နေတဲ့သူတွေက ၈၀၀၀ ဘတ်လောက်ကုန်ကျတယ်လို့ စာအုပ်ထုတ်ယူသူတစ်ယောက်ထံကသိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS